December 24th, 2011
windows 7 မှာ လွယ်ပေမယ့် မသိရင် ဘယ်လိုလုပ်ရမှန်း မသိတာလေး နှစ်ခုပါ။
ပထမတစ်ခုက အရင်windows တွေမှာ file name တွေရဲ့ font ပြောင်းချင်ရင်
desktop » right click » properties » appearance tab ဆိုပြီး သွားနေကျ။ ဟိုတနေ့က file nameတွေကို မြန်မာလို ပေးရအောင် ယွန်းချို font ပြောင်းမယ် လုပ်တော့ ဘယ်လိုမှ ရှာမရဘူး။ အင်တာနတ်ကနေ ရှာဖတ်ရတယ်။
ဒီလိုတဲ့
desktop » right click » personalize » ဟိုအောက်ဆုံးက window color
အဲ့ဒီမှာမှ…

အဲ့သလို မမြင်သာအောင်ရေးထားတဲ့ စာသားလေးကို နှိပ်တော့မှ
မိတ်ဆွေဟောင်းကြီးကိုတွေ့ရတယ်။

အဲ့တော့မှ ပြင်ချင်တာ ပြင်လို့ရပြီ။
———————

နောက်တခုကတော့ windows 7 ရဲ့ feature အသစ်လေး။
ဘယ်ဘက် side bar ရဲ့ favorite ထဲမှာ folder shortcut လေးတွေ ထည့်ချင်ရင် favorite ပေါ်မှာ right click » add current location to favorite ဆိုပြီး လုပ်ရတာ သိတယ်မှုတ်လား။
အဲ့ဒီမှာ program shortcut တွေလည်း ထည့်လို့ ရတယ်။
%userprofile% folder ကိုသွားလိုက်။ အဲ့ဒီမှာ Links ဆိုတဲ့ folder ကိုတွေ့လိမ့်မယ်။ အဲ့ဒီထဲကို ကိုယ်ထားချင်တဲ့ program shortcut ကို ကူးထည့်ပေးလိုက်ပါ။
အရမ်း အသုံးကျတယ်။
how-to |
Comments Off
November 27th, 2011
သက်သက်ရေ… ဆောင်းကိုလည်း ရောက်ပြန်ပြီပေါ့။ ပြောမယ့်သာပြောရတာပါ ရန်ကုန်ဆောင်းကတော့ ပူတယ်။ တခါတခါကတော့လည်း လွမ်းမိတယ်။ ဟိုးအဝေးကြီးက ဆီးနှင်းတွေ ကျတဲ့ အရပ်ကို။ ။ဒါပေမယ့် သက်သက်ရယ်… မြန်မာနိုင်ငံမှာ လမ်းတွေ စုတ်ပြတ်သတ်နေတာပဲ။ ငါကတော့ နင့်ကို အမြဲ သတိရပါတယ်။ ကမ္ဘာမှာ စစ်မက်တွေ မပွားတော့ရင် စစ်တပ်ဆိုတာ မလိုတော့ဘူးပေါ့။ အခုထိတော့ လူသားတွေရဲ့ civilization လုံလုံလောက်လောက် မမြင့်မားသေးတာသေချာတယ်။ နယူထရီနိုက အလင်းထက်မြန်တယ်ဆိုတာလည်း မသေချာသေးပါဘူး သက်သက်ရယ်။ နင့်စိတ်ထဲမှာ ငါတို့ တနေ့နေ့ ပြန်ဆုံဖြစ်ကြမယ်လို့ မထင်ဘူးလား။ အချိန်တွေကတော့ ဘယ်တော့မှ နောက်ပြန် စီးဆင်းမှာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေး၊ သဘာဝ ပါတ်ဝန်းကျင်၊ လူသားချင်း စာနာထောက်ထားမှု၊ တွေဆုံဆွေးနွေးရေး၊ ဘာညာဘာညာနဲ့ စကားလုံးတွေထက် လက်တွေ့က နဲနေသေးတယ် ဆိုတာ နင်လည်း သတင်းတွေမှာ တွေ့မှာပေါ့။ ဟိုတလောက နင်တို့ဆီမှာ မိုးတွေ အရမ်းရွာတယ်ဆို။ ငါ့ဘဝကြီးကတော့ မအေးချမ်းသေးပါဘူး။ ဒီနောက်ပိုင်း သီချင်းတွေတောင် သိပ်နားမထောင်ဖြစ်တော့ဘူး။ အခုတော့ ငါ့စိတ်ထဲမှာ human ဆိုတဲ့ metallica သီးချင်းကို ဆိုနေမိတယ်။ .ကမ္ဘာကြီးမှာ လူသားပေါက်ပွားနှုန်းက တစ်မိနစ်ကို နှစ်သိန်းခွဲလောက် ရှိတယ်။ ဒါ ဂေဟစံနစ်ကို ထိခိုက်စေတယ်။ ဒီလူသားတွေကပဲ ဂေဟစံနစ်ကို ကာကွယ်မယ် ဘာညာနဲ့။ တကယ်တော့ ဘယ်အရာကရော တကယ်ရှိလို့လဲ။ စတိဗ်ဂျော့ ဆုံးသွာတာကို လူတိုင်း စိတ်မကောင်းကြဘူး။ နောက်ဆုံးတော့ စတိဗ်ဂျော့ ပဲ ဖြစ်ဖြစ် မာသာထရီဇာပဲ ဖြစ်ဖြစ် လူအားလုံးက သေခြင်းရဲ့ သားကောင်ပဲ။ လူအားလုံး သားကောင်ပဲ။ လူတွေမလဲပဲ အသက်ရှင်ဆဲကာလမှာတော့ အိပ်မက်တွေနောက် လိုက်ရင်း မောကြတယ်။ u know what. human life is full of sufferings and miseries and entropy of the universe is always increasing လေ။ but, without u… universe is moving on without u beside me. သက်သက်ရေ … နင့်ကို လွမ်းမိရင် မန္တလေးဆောင်းရဲ့ မနက်အစောကြီး မြူနှင်းတွေ အုံးဆိုင်းအေးစက်တဲ့ နေ့ရက်တွေကို လည်းသတိရတယ်။ မြူနှင်းတွေလိုပဲ ခံစားချက်တွေ ရင်ထဲမှာ အလိပ်လိုက် ပြိုဆင်းကျနေတဲ့ နေ့တွေပေါ့။
emotional |
Comments Off
October 30th, 2011
လမ်းမပေါ်မှာ ငါ အထီးကျန်လွန်းတယ်။
စိတ်ရဲ့ ထွက်ပေါက်မှာ ရုန်းကန်ရင်း မောတယ်။
နုပျိုဆဲ ခံစားချက်တွေနဲ့ သက်တမ်းတွေရင့်ရော်လာခဲ့ပြီ။
emotional |
Comments Off
October 1st, 2011
I’m very happy to know that U Thein Sein listened the voice of people to stop Myitsone dam project. I wish the amnesty for political prisoners be on the way too.

Myitsone area seen from Google Earth
To view it on Google Earth, use the following kmz file.

Uncategorized |
Comments Off
May 19th, 2011
ဒီ ပို့စ်ကို တပိုင်းတစ ရေးထားတာကြာပြီ။ နောက်ကျတော့ နဲနဲတော့ out of date ဖြစ်နေပြီဆိုပြီး ဆက်မရေးဖြစ်ဘူး။ နောက်ကျတော့ ဒီ extension ကိုရေးတဲ့ Keith Stribleyဟာ 15Feb2011 မှာ ဆုံးသွားတဲ့ သတင်းကို ကြားရပြန်တယ်။ သူက မြန်မာယူနီကုတ် အတွက် ဟိုးအစောကြီးကတည်းက www.thanlwinsoft.org ကိုတည်ထောင်ပြီး လုပ်ခဲ့တာ။ ဒီလို ပညာရှင်တစ်ယောက် ဒီလိုအရွယ်မှာ ဆိုးရှုံးရတာ အရမ်း ဝမ်းနည်းစရာ ကောင်းလှပါတယ်။ မြန်မာစာ ယူနီကုတ် အတွက် အများကြီး လုပ်ပေးသွားတဲ့ နိုင်ငံခြားသား ပညာရှင်တစ်ယောက်ပါပဲ။ (Keith Stribley ဟာ Englandမှာ ၁၉၇၆ခုနှစ် တွင် မွေးဖွားပြီး ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ ဒေါ်ခိုင်ဇာဝင်း နှင့် သမီး ရေဗက္ကာလင်း တို့ ကျန်ရစ်သည်ဟုသိရသည်။)
MyanmarConverter
MyanmarConverter ဆိုတဲ့ firefox extension ကို သုံးနေတာကြာပြီ။ အရမ်းလည်း အဆင်ပြေတယ်။ ဒီ extension သုံးနေရင် zawgyi-one ကို လုံးဝ စွန့်ခွာလို့ရတယ်။ facebook လိုsite မျိုးမှာဆို တစ်ချို့က Unicode သုံးတယ် အများစုက zawgyi-one သုံးနေတယ်။ ဒီလို တစ်မျက်နှာထဲမှာ font နှစ်မျိုးရှိနေပြီး html tag နဲ့လည်း font define လုပ်ပေးမထားတာမျိုး ဆိုတော့ ဂွကျတယ်။ ဒီ extension သုံးလိုက်တော့ အရမ်း အဆင်ပြေသွားတယ်။ တစ်မျက်နှာလုံးကို Unicode ပြောင်းပေးတယ်။
ဒီ extension အကြောင်း ပြောပြမယ်ဆိုပေမယ့် မိတ်ဆက်ပေးတဲ့ သဘောပါ။ instruction အပြည့်အစုံ ကတော့ official site မှာ ဖတ်လို့ ရပါတယ်။
ကဲပထမဆုံး firefox option မှာ zawgyi-one သုံးခိုင်းထားတာတွေကို myanmar3 တို့ ယွန်းချို တို့လို တစ်မျိုးမျိုးနဲ့ ပြောင်းလိုက်ပါ။
extensionရဲ့ option မှာ ကြည့်ရအောင်။ ကျွန်တော် ပထမစသုံးသုံးချင်းက သိပ်မသိသေးတော့ “enable conversion by default” ကို ရွေးထားခဲ့တယ်။

ပြဿနာက စက်လေးသွာတယ်။ ကျွန်တော့်စက်ကလည်း အမြန်စားကြီးမှ မဟုတ်တာကိုး။ သူကဘာ pageပဲဖွင့်ဖွင့် မြန်မာ character ရှိလားဆိုတာ detect လုပ်တယ်။ သူက ဟိုအရင်က ascii font လို့ခေါ်တဲ့ ဝင်းအင်းဝတို့ wwin_burmese တို့ကိုတောင် detect လုပ်နိုင်ပါတယ်။ အဲ့လို Unicode မဟုတ်တဲ့ မြန်မာစာ တွေ့တာနဲ့ convert လုပ်ပါတယ်။ အရမ်းတော့ smart ဖြစ်ပါရဲ့ ကျွန်တော့်စက် ကသိပ်မနိုင်ဘူး။
နောက်မှ auto detect မလုပ်ခိုင်းတဲ့ option နှစ်နည်း ကိုသိသွားတယ်။ အရင်ဆုံး “enable conversion by default” ကို uncheck လုပ်ပါ
ဒီနည်းက ကိုယ်ပြောင်းစေချင်တဲ့ exact page သို့မဟုတ် domainကို ထည့်ထားတဲ့ နည်းပါ။
ဥပမာ တစ်။ ။ facebook
hostname မှာ facebook.com ထည့်မယ်။ path name ဘာမှ မထည့်ရင် domainwise ပေါ့။ facebook.com တစ်ခုလုံး ဘယ် pageဖွင်ဖွင့် ပြောင်းပေးပါလိမ့်မယ်။
ဥပမာ နှစ်။ ။ google reader
hostname မှာ google.com ဖြည့်မယ်။ ဒါပေမယ့် google.com အောက်ကpage ဟူသမျှပြောင်းဖို့ မလိုဘူး။ ကိုယ်ပြောင်းချင်တာက google reader တစ်ခုတည်းပြောင်းရမှာကိုး။ ဒါဆို path name မှာ /reader/view/ ဆိုတာလေး ထည့်ပေးလိုက်ပါ။
ဒီလိုလေး သုံးလိုက်တော့ site ဟူသမျှ detect လုပ်စရာမလိုတော့ဘူ။ ဒါလည်း facebook နဲ့ google reader ဖွင့်ရင် လေးသေးတယ် ဆိုရင် manual နည်းရှိသေးတယ်။ တစ်မျက်နှာလုံးမှ zawgyi နဲ့နဲနဲပဲ ပါတယ်ဆို အဲ့ဒီ စာသားလေးကိုပဲ select လုပ်၊ ညာclickနှိပ်၊ context menu မှာ » myanmar unicode converter » convert selection to unicode » from zawgyi-one စသည်ဖြင့် ရွေးပေးရပါတယ်။

နောက် auto detect လုပ်ခိုင်းမထားတဲ့ page တစ်ခုလုံး ပြောင်းချင်ရင် အောက်ဆုံးက convert page to myanmar unicode 5.1 ကို ရွေးပြီး ပြောင်းလို့ရသေးတယ်။
Link: Saterngod’s post about Keith
http://www.saturngod.net/tag/keith
http://www.thanlwinsoft.org/MyanmarConverter/
highlights, how-to |
94 Comments »
April 8th, 2011
မပန်က တစ်နေ့စာ အကြိုက်များ ဆိုပြီး tagလာတော့ ကိုယ်တစ်နေ့တာမှာ ကြိုက်တာ ဘာများရှိလဲ စဉ်းစားရတာယ်။ စဉ်းစားလိုက်တော့ ကြိုက်တာ မတွေ့ပဲ မကြိုက်တာတွေပဲ စိတ်ထဲမှာ ပေါ်လာတယ်။ ဘာပဲဖြစ်ဖြစ် မရှိ ရှိတဲ့ အကြိုက်လေးတွေ ဖြစ်ညှစ် ထုတ်ကြည့်ရမှာပဲ။ ကိုယ့်မှာက အလုပ်ထွက်ထားပြီးမှ ပြည်တွင်းမှာပဲ အလုပ်သစ် ရှာရမလို sg ထွက်ပြီး အလုပ်ရှာရမလို ယောင်ခြောက်ဆယ် နေ့ရက်တွေမှာ ဘယ်လိုမှ အစီအစဉ်မကျတော့ အစဉ်လိုက် ချရေးဖို့လည်း ခက်တယ်။ ပုံမှန်ဆိုတာမှ မရှိတာ။ အိမ်မှာ ရှိရင်ရှိ ဒါမှမဟုတ် အိမ်ကကိစ္စ၊ ဟိုကိစ္စ၊ ဒီကိစ္စလေးတွေရှိမှ၊ သူငယ်ချင်းတွေနဲ့ ချိန်းထားမှ အပြင်သွားတာ မို့ ပုံမှန် အချိန်ဇယားနဲ့ အကြိုက်စဉ်လို့မရဘူး။ အပြင်သွားရတာလည်း နေပူလို့ မကြိုက်ပါဘူး။ ရည်းစားနဲ့ချိန်းထားတာ ဆိုရင်တော့ ကြိုက်မိမှာပေမယ့် အဲဒီလို chance ကမရှိပြန်ဘူး။
ဟား။။ သတိရပြီ။ ကြိုက်တာ တစ်ခုရှိတယ်၊ လမ်းပေါ်မှာ ကောင်မလေး ချောချောလေးတွေကို ငေးကြည့်ရတာ ကြိုက်တယ်။ ဘယ်တတ်နိုင်မလဲ။ သူငယ်ချင်းတွေ တဖြုတ်ဖြုတ်နဲ့ မိန်းမယူကုန်ကြပြီ။ ကိုယ့်မှာက ငေးရတဲ့ ဘဝက မကျွတ်သေးဘူးကိုး။ တကယ်တော့လဲ ကြည့်သာကြည့်ရတယ် မနီးစပ်တဲ့ မျဉ်းပြိုင်ဘဝတွေ ပါလားရယ်လို့ ခံစားရတာကျတော့လည်း မကြိုက်ပြန်ဘူး။
နောက်တစ်ခုက ကိုယ်က အကောင်ဘလောင်လေးတွေ ချစ်တတ်တော့ ငါးလေးတွေ မွေးထားတာ ရှိတယ်။ တကယ်က ကြောင်မွေးချင်ပေမယ့် အိမ်ကလူတွေ လက်မခံလို့ ငါးပဲမွေးရတာ။ အဲဒီငါးလေးတွေကို ကြည့်နေရတာ ကြိုက်တယ်။ သူတို့ကို အစာကျွေး ရေလဲပေး စသည်ဖြင့် လုပ်ရတာ ကြိုက်ပါတယ်။ ဟိုးအရင်ကတော့ ငါးကို ကန်ထဲထည့်မွေးတာ ငါးတွေကို ကျဉ်းကျပ်စေမလားလို့ တွေးတယ်။ သိပ်မကြိုက်ခဲ့ဘူး။ တစ်ခါမှာ joke တစ်ခုမှာ ရေးထားတာကို သဘောကျသွားတာ။ ကန်ထဲက ငါးနှစ်ကောင် စကားပြောနေတယ်၊ ပထမငါးကပြာတယ် – “ငါGodကို မြင်ဖူးတယ်”တဲ့။ “ဟုတ်လို့လားကွာ”လို့ပြောတော့- “မင်းကလည်း မသိဘူးလား။ နေ့လိုင်း ငါတို့ကို အစာလာလာကျွေးနေတာ God ပေါ့” တဲ့လေ။
အဲ့ဒီ jokeလေးလိုဆိုရင် ရေကန်ထဲမှာ ငါးတွေ သူ့ အတွေးနဲ့သူ ပျော်ရင်ပျော်နေမှာပေါ့။ finding nemo ထဲကလိုတော့ ဒီကငါးတွေက intelligent ဖြစ်တာမှ မဟုတ်တာကိုး။
နောက် အပင်တွေ။ အပင်တွေ စိုက်ထားတာတွေ ကြုံသလို ရေလောင်း ဘာညာ လုပ်ရသေးတယ်။ gardening ကိုကြိုက်တယ်။ တခါတခါ ငါ့နှယ် တောမှာ ခြံစိုက်စားတာပဲ ကောင်းမလားတောင် စဉ်းစားမိတယ်။
ဒါလည်း စိတ်ပျက်စရာကောင်းတာက ပိုးကျတာပဲ။ ပိုးကျရင်တော့ စိတ်ပျက်လို့ ပိုးကျတဲ့ ကိုင်းတွေ ညှပ်ပြစ်။ အဲ့ဒါပဲ တတ်တယ်။
ဒီလိုပါပဲ။ ယောင်တောင်ယောင်တောင်နဲ့ ညနေရောက်သွားရော။ ညစာပြီးရင်တော့ အိမ်သားတွေ ကြည့်တဲ့ ကိုရီးယားကား ကြိုက်တာရှိရင် ကြည့်တယ်။ ဒီရက်ပိုင်း mrtv4 ကလာတဲ့ ကားကိုတော့ ကြိုက်ပါတယ်။ ပြီးရင် အိမ်နားက သူငယ်ချင်းနဲ့ လက်ဘက်ရည်ဆိုင်သွားတယ်။ ကော်ဖီသောက်ရတာကြိုက်တယ်။ ဒီရက်ပိုင်းတော့ ပူလို့ sparkling ပြောင်းသောက်တယ်။ ကြုံရတဲ့ အဖြစ်ကို ပြောရအုံးမယ်။ sparkling ဆိုရင် ကျွန်တော်က ဟိုးအရင်ကတည်းက ရှိတဲ့ အစိုးရစက်ရုံထုတ် sparkling ကိုကြိုက်တာ။ အဲ့ဒါက တံဆိပ်က သံပရိုသီး ပုံလေးနဲ့ lemon လို့ရေးထားတာ။ ဆိုင်က ချာတိတ်လေးတွေက မှာလိုက်ရင် max ပဲယူယူလာတယ်။ အဲ့တော့ သေချာ ရှင်းပြပီး မှာရတယ်။ sparkling တစ်လုံး max မဟုတ်ဘူးနော် lemon တံဆိပ်နဲ့ဟာလို့။ ဟုတ်ကဲ့ သိပြီသိပြီ ဆိုပြီး ယူလာတာ လိမ္မော်ရည်ပုလင်း။ သူငယ်ချင်းက ပြော်တယ်။ ဒီကလေးက အင်္ဂလိပ်လိုမှ မသိတာ၊ သူတို့နားလည်အောင် သံပရာသီး တံဆိပ်လို့ပြောတဲ့။ ဒါနဲ့ နောက်ရက်ကျတော့ သေချာ ရှင်းပြတယ်။ သံပရာသီး တံဆိပ်နဲ့ sparkling ပုလင်းလို့။ ချာတိတ်ကလည်း ဟုတ်ကဲ့ သိပြီသိပြီတဲ့။ ယူလာပါတယ်။ max sparkling တစ်ပုလင်းနဲ့ သံပရာသီး တစ်စိတ်။ ကျွန်တော့်မှာ ရီလိုက်ရတာ။ အေးကွာ ကောင်းတယ် ကောင်းတယ်လို့ sparkling ကို သံပရာသီး ညှစ်ပြီးသောက်လိုက်တယ်။ သောက်လို့ကောင်းလို့ ကြိုက်ပါတယ်။
ပြီးရင်တော့ internet ပေါ့။ ဟိုးအရင်ကလို site တကာ သိိပ်လျှောက် မသွားဖြစ်တော့ဘူး။ google reader နဲ့ပဲ တfeed ပြီး တfeed လိုက်ဖတ်ရတာ ပိုမြန်လို့ google readerကို ကြိုက်တယ်။ full feed မပေးတဲ့ မြန်မာ blog တစ်ချို့ကိုတော့ အရမ်း စိတ်ပျက်ရတယ်။ ကျွန်တော် ဖတ်နေကျထဲက ကြော်ငြာနဲ့ ရပ်တည်နေတဲ့ နာမည်ကြီး tech blog တွေတောင် full feed ပေးနေကြတာပဲ။ နောက် facebook ကိုတော့ online blogger friend တွေနဲ့ရော အဝေးရောက် သူငယ်ချင်းတွေနဲ့ပါ ဘယ်လောက်ဝေးဝေး နီးခွင့်ရလို့ ကြိုက်တယ်ဗျား။။။ တစ်ကယ်တော့ သုံးမယ့်သာ သုံးရတယ်၊ ကော်နက်ရှင် နှေးလွန်းလို့ တော်တော် စိတ်ပျက်ရပါတယ်။ ဒါကိုတော့ ညည်းရလွန်းလို့ ညည်းချင်စိတ်တောင် မရှိတော့ဘူး။ ခက်တာက သူတို့ကို DDos attack ရှိနေလို့ပါလို့ အကြောင်းပြတယ်။ အစကတော့ သူတို့ကို မယုံဘူး။ ဟိုတစ်နေ့ကမှ blink hacker group ရဲ့ blog မှာ သူတို့ တိုက်ပါတယ်လို့ ရေးထားတာတွေ့တယ်။ သူတို့ စစ်အစိုးရ siteတွေ တိုက်တာတော့ အားပေးပါရဲ့။ ISP ရဲ့ gatewayကို တိုက်တာတော့ သုံးစွဲသူ ပြည်သူတွေပဲ ထိခိုက်တာပဲ။ အစိုးရပိုင်းရဲ့ ကျပ်ပြေးကရုံးတွေကတော့ လိုင်းသပ်သပ်မို့ မထိဘူးဆိုလားပဲ။ ခုတ်ရာတခြားရှရာတစ်ခြားပဲ။ စိတ်ပျက်တယ်။
ဒါပါပဲဗျာ။ မပန်က မရေးရင် သူယုတ်မာဘာညာ ခြိမ်းခြောက်လို့ အပျင်းထူတဲ့ ကြားကရေးလိုက်တယ်။ post အသစ်မတင်ဖြစ်တာ ကြာပြီ။ ရေးလက်စ ပြီးအောင်ဆက်မရေးတာ နှစ်ခုလောက်ရှိပြီ။ ပြီးအောင်ဆက်ရေးပြီး ဒီရက်ပိုင်း တင်ပါအုံးမယ်။
Uncategorized |
103 Comments »
March 4th, 2011
Goodbye
တေလေတစ်ယောက်လို
လျှောက်သွားမနေချင်တော့
သိတဲ့ အတိုင်းပဲ
ငါတစ်ယောက်ထဲ
လမ်းတွေအများကြီး လျှောက်ခဲ့တယ်
ညည့်နက်နက်လမ်းတွေ
ခြောက်သွေ့လွန်းလို့
ရေဆာအားပြတ်လွန်းလှပြီ
ဟိုးအဝေးတစ်နေရာမှာ
မဖြစ်နိုင်ခြင်း^∞ တွေ ဆိုတဲ့
အတွေး တွေနဲ့ ပိတ်လှောင်
မွန်းကျပ်တဲ့ အိပ်မက်တွေ
ခြောက်လှန့်တဲ့ အိပ်မက်တွေ
ဂယောက်ဂယက် သွေးပျက်တဲ့ အိပ်မက်တွေ
ခြောက်လှန့်မှုတွေက
ငါ့ကို ပေါက်ကွဲစေတယ်။
ဒီတခုတော့သေချာတယ်
ဒါနောက်ဆုံးပဲ
ငါတို့နုတ်ဆက်ကြရအောင်။
အခုတော့ ငါ ကျောက်ဆစ်ရုပ်တစ်ခုလိုပါပဲ
နုတ်ဆက်စကား တွေနဲ့
နောက်ဆုံးဒီနေရာမှာ အေးခဲနေဆဲ
အသက် ရှင်သန်ခြင်းကပဲ အပြစ်တစ်ခုလိုမို့
လွတ်မြောက်ဖို့ အတွေးတွေက ဖရိုဖရဲ
နေမကောင်းဘူး
စုစည်းလို့မရဘူး
နေမကောင်းဘူး
အသက်ရှုလို့ မရတော့ဘူး
သေချာတယ်
နုတ်ဆက်တယ်
စိတ်ထဲက နုတ်ဆက်တယ်။
emotional |
344 Comments »
Ho Ho D D
blog မရေးဖြစ်တာ အရမ်း ကြာသွားပြန်ပြီ။ အဖေ ဆေးရုံတက်နေရတာက ရက်တွေရှည်လာတယ်။ ဦးနှောက်ရောင်တာ ဆိုတော့ အတော်ဆုံး ဆရာဝန်နဲ့ ကုတာတောင် သိသာတဲ့ တိုးတက်မှု မရှိဘူး။ aging ဆိုတာကလည်း cell တစ်ခုချင်းတိုင်း ရဲ့ ယိုယွင်းမှုပဲလေ။ အသက်ကြီးရင် ကုရခက်တယ်ပေါ့။ စိတ်လည်း အရမ်းညစ်ရတယ်။ ရင်ထဲမှာတော့ စိတ်ညစ်ခြင်းတွေပဲ ပြန့်ကျဲနေတယ်။ ဘဝက မှိန် မှိန်လာတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လူ့ဘဝ ဆိုတော့လည်း ဒီလို နာကျင်မှုတွေ ရှိတာ ခံယူတတ်ရမယ် ထင်ပါရဲ့။ ရင်ထဲက လာတဲ့ အဖြေမရှိတဲ့ မေးခွန်းတွေ နဲ့လည်း နေတတ်ရအုံးမယ်။ စိတ်ဆန္ဒတွေ နောက် လိုက်ရင်း မောနေရတဲ့ လူသား ဘဝပါပဲ။
ဒီနောက်ပိုင်း နိုင်ငံရေး ကိစ္စတွေတောင် မပြောဖြစ်တာကြပြီ။ သိန်းစိန် အစိုးရကို မျှော်လင့် ကြတဲ့ လူတွေက မျှော်လင့် ကြတယ်။ သန်းရွှေ ခေတ်က ဖမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသမားတွေ လွှတ်မပေးမှတော့ သူတို့ရဲ့ ရုပ်သွင်က ရှင်းနေတာပဲ။ အန်တီစုနဲ့ ပါတ်သတ်ပြီး ပြောင်းလဲလာတာတော့ ကြိုဆိုပါတယ်။ အန်တီစုကို ပြည်တွင်းဂျာနယ်တွေမှာ ရှေ့ဆုံးက ပုံအကြီးကြီးနဲ့ interview တွေ ဆောင်းပါးတွေ မှာတွေ့လာရတယ်။ နိုင်ငံရေး အကြံပေးတွေ ဘာတွေရဲ့ တိုက်တွန်းမှုတွေ ပဲလို့ထင်ပါတယ်။ နိုင်ငံအတွက် ထိရောက်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာဖို့တော့ လိုနေသေးတယ်။
Internet censorship ကိုတော့ တော်တော် လျှော့ပေးလိုက်တာပဲ။ irrawaddy, mizzima, bbc, စတဲ့ သတင်းsite တွေကအစ ဖွင့်ပေးလိုက်တယ်။
ဧရာဝတီ မြစ်ဆုံ ရေကာတာ ကိစ္စကလည်း ပြည်သူတွေ ဒီလောက် ကန့်ကွက်နေတာတောင်ဇော်မင်းဆိုတဲ့ အောက်တန်းစားဝန်ကြီးက လူမိုက်ဆန်ဆန် သူလုပ်ချင်တာ လုပ်မယ်ဆိုတာ ပြောသွားတယ်။ နိုင်ငံရဲ့ သဘာဝ ပန်းဝန်းကျင်ကို ရောင်းစားနေတဲ့ တနပ်စား သမား အောက်တန်းစားတွေပဲ။
ဒီ blogရဲ့comment တွေ လောလောဆယ်ပိတ်ထားတယ်။ ဟိုရက်ပိုင်းက spam bot တွေ သောင်းကျန်းသွားတာ comment နှစ်သောင်းကျော် ဝင်လာတယ်။ ဒီတိုင်းတော့ အဲ့ဒါတွေ ဘယ်လို ဖျက်ရမှန်းကိုမသိဘူး။ database မှာ comment table ကို empty လုပ်ပလိုက်ရတယ်။ comment အစစ်ကလည်း နှစ်ခုသုံးခုပဲ ရှိတာပါ။ အဲဒါပါ ပါသွားတယ်။ မတတ်နိုင်တော့ဘူး။
.